ပုသိမ် နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း မြို့တော်ခန်းမရှေ့၌ ပြုလုပ်သည့် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား အား ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝန် ဝန်ကြီးများ နှင့် ဇနီးများ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း အမှုထမ်းများ တက်ရောက်ခဲ့ ကြပြီး ငဝန်မြစ်အတွင်းသို့ ငါးမြစ်ချင်း၊ ငါးခုံးမကြီး ငါးကောင်ရေ ၃၀၀၀ အား ဇီဝိတဒါနအဖြစ် လွှတ်ပေး ခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားအား ဆက်လက် တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ဝန်ကြီးချုပ်က “အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် နိုင်ငံ၏အုပ်ချုပ်ရေးယန္တရား အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်ကာ ပေးအပ်လာတဲ့ တာဝန်တွေကို ကျရာအခန်းကဏ္ဍက တာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်း၊ အရာထမ်း အမှုထမ်းများအနေဖြင့် မိမိတို့ဌာန၏ အစဉ်အလာကို ဆက်လက် ထိန်းသိမ်းသွားရန်ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် အစိုးရအဖွဲ့၏ ရုံးလုပ်ငန်း တာဝန်များအား အဓိကပံ့ပိုး တာဝန်ယူဆောင်ရွက် ပေးလျက်ရှိပြီး အစိုးရနှင့် ပြည်သူအကြား ပေါင်းကူးသဖွယ် ဆက်သွယ်ဆောင်ရွက်ပေးသော ဌာနလည်းဖြစ်ပါကြောင်း၊ ဝန်ထမ်း သည် နိုင်ငံတော်၏ အကျိုးအတွက် လိုအပ်လျှင် အချိန်ပြည့် ထမ်းဆောင်ရမည်၊ မူလတာဝန်အပြင် အခြားလိုအပ်သော တာဝန်များကို ပေးအပ်ပါက ထမ်းဆောင်ရမည်ဟူသော တာဝန်ကို သဘောပေါက် နားလည်ပြီး ယုံကြည်ချက် ခိုင်ခိုင်မာမာဖြင့် ရပ်တည်ရမှာဖြစ်ပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းနှင့် လုပ်ငန်းစွမ်းဆောင်ချက်များကို ဗီဒီယိုဖြင့်ပြသပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သော အမျိုးသား ဝန်ထမ်း(၂)ဦးနှင့် အမျိုးသမီးဝန်ထမ်း(၁)ဦးတို့အား ဆုများနှင့် အမျိုးသား အရာထမ်း၊ အမှုထမ်းများ ကိုယ်စား အမျိုးသား ဝန်ထမ်း(၂)ဦးအား ဝတ်စုံများအားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဇနီးက သင်တန်းတွင်ထူးချွန်ဆု ရရှိခဲ့သော အမျိုးသမီးဝန်ထမ်း(၂)ဦးအား ဆုများနှင့် အမျိုးသမီး အရာထမ်း၊ အမှုထမ်းများ ကိုယ်စား အမျိုးသမီးဝန်ထမ်း(၂)ဦးအား ဝတ်စုံများအား လည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အထိမ်းအမှတ် ဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)