ညောင်တုန်း နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ မောင်(ဆေး-၁) ရေးသားသော "လှသောမွှေးသော ပန်းနှင်းဆီ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က စာပေဖတ်ရှုပြီး ဆွေးနွေးသည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး Woman Club အဖွဲ့ အတွင်းရေးမှူး ဒေါ်အမာရှိန်နှင့် အဖွဲ့ဝင်ဒေါ်ထက်ထက်တို့က "လှသောမွှေးသော ပန်းနှင်းဆီ" စာအုပ်မှ စိတ်ဖိစီးမှုနှင့် စွမ်းဆောင်ရည်၊ ဝမ်းကြာတိုက်မှာ ကိုးလတာ၊ အလှကြိုက်သူမေမေ၊ ရုံးဝန်ထမ်းမိခင်လောင်းများအတွက် စသည့်စာအုပ်ပါ အမျိုးသမီးများ သိမှတ်စရာကျန်းမာရေး အကြောင်းအရာများကို ဖတ်ကြားပြီး တက်ရောက်လာသည့် Woman Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)