ထီးချိုင့် နိုဝင်ဘာ ၈
(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပုံလာပုံအကြောင်းနှင့် နှစ်စဉ်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို နိုင်ငံတစ်ဝှမ်း စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိကြောင်း ကျောင်းသား/သူ လေးများအနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့ကို တန်ဘိုးထား အမှတ်ရနေစေရန်၊ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ရောက်တိုင်း အမျိုးသားအောင်ပွဲနေ့ကို အမှတ်ရ နေစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ များကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ဟောပြောခဲ့ပါသည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ခင်အုန်းမြင့်မှ စာအုပ်စာစောင်ပြပွဲကို အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ အမျိုးသားရေးစိတ်ဓါတ်များ ရှင်သန်ထက်မြက်လာရေး၊ အမျိုးသားစိတ်ဓါတ်၏ အရေးပါမှုစသည့် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများပါဝင်သည့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများအား ခင်းကျင်းပြသပေးရာ ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရပါသည်။
ရဲလင်းထွန်း (ထီးချိုင့်)