တန်ဆောင်မုန်းလပြည့်  (သာမညဖလအခါတော်နေ့)တွင်  ငပုတောမြို့နယ်အတွင်းရှိ ဘုရား စေတီပုထိုးများ၌ ပြည်သူများ ကုသိုလ်ကောင်းမှုပြုခြင်းနှင့် ရပ်ကွက်အလိုက် စတုဒိတာများ ဧည့်ခံကျွေးမွေး ကုသိုလ်ယူ

ငပုတော နိုဝင်ဘာ  ၈

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင်၊ ငပုတောမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများ၌ ညနေခင်းတွင်  ဆီမီး၊  ပန်း၊ ရေချမ်း၊  အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းပူဇော်၍ ကုသိုလ်ကောင်းမှုပြုကြသကဲ့သို့  ရပ်ကွက်အလိုက် ပြည်သူများကလည်း အာဟာရဒါန စတုဒိတာများဖြင့် ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ကုသိုလ်ကောင်းမှုပြုကြရာတွင်လည်း ငပုတောမြို့ ကျက်သရေဆောင် သမိုင်းဝင် စွယ်တော်မြတ်စေတီတော်မြတ်ကြီး၊ အောင်တော်မူ ပြည်လုံးချမ်းသာ စေတီတော်​မြတ် တို့တွင် ရပ်နီး/ရပ်ဝေးမှ ရဟန်းရှင်လူ ပြည်သူများ စိတ်နှလုံး အေးချမ်းတည်ငြိမ်စွာဖြင့် ကုသိုလ်ဘာဝနာတရား ပွားများအားထုတ်သူ များပြားလျက်ရှိသည်။

အလားတူ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက်တွင်လည်း လမ်းသွား၊ လမ်းလာ ပြည်သူများအား  အယုတ်အလတ်မြတ်မရွေး     အာဟာရဒါန စတုဒိတာများဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းပြီး ကုသိုလ်ယူကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

အောင်သူ(ငပုတော)