လပွတ္တာ နိုဝင်ဘာ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုသင်တန်းကျောင်း (လပွတ္တာ)၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၇)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၄)၊ ဂဟေသင်တန်း အမှတ်စဉ်(၁၄)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၉)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲကို လပွတ္တာခရိုင်(၃)မိုင်မြို့ သစ်စက်မှုလက်မှုပညာ သင်တန်းကျောင်း ခန်းမ၌ ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က ဒေသတွင်းစက်မှုလက်မှု လုပ်ငန်း များ ထူထောင်ရာမှာ ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေဖို့ သင်တန်းဆင်းပြီး သွားရင် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေးဘက်စုံ တိုးတက်ပြီး လူနေမှုအဆင့် အတန်း မြင့်မားလာစေဖို့ မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်ဆောင်ရွက်ရန်ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါတယ်။ ယနေ့ သင်ကြားပေးမယ့် သင်တန်းများအနေနဲ့ လျှပ်စစ်သင်တန်း မှာ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း၊ ရေခဲသေတ္တာနဲ့ Air-con ပြုပြင်ခြင်း ဘာသာရပ်များ၊ ဂဟေ သင်တန်းမှာဆိုရင် လျှပ်စစ်ဂဟေနဲ့ ဓာတ်ငွေ့ဂဟေဘာသာရပ်များ၊ မော်တော်ယာဉ်စက်ပြင် သင်တန်းမှာ ဆိုရင် အင်ဂျင်ပိုင်း၊ ကိုယ်ထည်ပိုင်းနဲ့ မီးစနစ်ပိုင်းများ၊ လက်ကိုင်ဖုန်းပြင်သင်တန်း မှာဆိုရင် Hardware/ Software ပိုင်းများ သင်ကြားပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား(၅၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၂၂)ပတ်ကြာ ဖွင့်လှစ်၍ လက်တွေ့ခန်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများလည်း ပြည့်စုံစွာထောက်ပံ့ပေးပြီး အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)