ဖြူးမြို့နယ်ကျေးရွာများတွင် ဝါးကိုအခြေခံပြီး မြန်မာ့ရိုးရာ အသုံးအဆောင်များ တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိ

ဖြူး နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဝါးကိုအခြေခံ၍ အသုံးအဆောင်များအနေဖြင့် မိရိုးဖလာတစ်ပိုင်တစ်နိုင် လုပ်ကိုင်နေလျက်ရှိရာ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာတွင် တစ်ရွာလုံးနီးပါး မြန်မာ့ရိုးရာဝါးပတ်ဦးထုပ် လုပ်ငန်းနှင့် ဇီးခင်ကျေးရွာတွင် ဝါးနှီးဖြင့် အလှထားအိမ်အသုံးအဆောင်များ ရက်လုပ်သည့်လုပ်ငန်း၊  ဇေယျဝတီမြို့၊ လင်းယောခင်ကျေးရွာ တွင် တစ်ရွာလုံး ဘိုးဘွားလက်ထက်ကစ၍ မိရိုးဖလာ ဝါးတောင်းစကောစကာ၊ ရက်လုပ်သည့်လုပ်ငန်းကို လုပ်ကိုင်နေရာဝင်ငွေနည်း သော်လည်း စျေးကွက်ဝင်ခြင်းကြောင့် ဆက်လက်လုပ်ကိုင် နေလျက်ရှိကြောင်း သိရသည်။

အဆိုပါ တစ်ပိုင်တစ်နိုင် အသေးစားလုပ်ငန်းများသည် အိုးမကွာအိမ်မကွာ လုပ်ကိုင်နိုင်ပြီး မြန်မာ့လက်မှုပညာရပ်တစ်ခုကို ထိန်းသိမ်းထားရာလည်း ဖြစ်ကြောင်းသိရသည်။ ဝါးလုံး၏ အဆစ်ပတ်ကို အခြေခံပြီး မြန်မာ့ရိုးရာဝါးပတ်ဦးထုပ်လုပ်ကိုင်သူ ညောင်ကားယားကျေးရွာ​နေ ဦးမောင်မြင့်က “ကျွန်တော်တို့ မိသားစုအနေနဲ့ ဝါးပတ်ဦးထုပ်လုပ်ကိုင်ခဲ့တာ (၁၆) နှစ်ရှိပါပြီ၊ ဝါးပတ်တွေကို တိုက်ကြီးနဲ့ တောင်ငူဒေသတွေမှာ ဝယ်ရပါတယ်၊ အမာခံအနေနဲ့ ဝါးခွေနဲ့ချည်တွေကိုတော့ တောင်ငူနဲ့ဖြူးမြို့ပေါ်မှာ ဝယ်ရတယ်။ ဝါးခမောက်ဦးထုပ် လုပ်တဲ့အခါမှာ အဆင့်ဆင့်လုပ်ရပါတယ်၊ (၃၅)ဆင့်ရှိတယ်။ ခမောက် (၅) မျိုးချုပ်ပါတယ်၊ ကလေးဆောင်း၊ လယ်သမားကြီးချုပ်၊ ရိုးရိုးချုပ်၊ ရှယ်ချုပ်နဲ့နှစ်ထောင့်၊ လေးထောင့် ချုပ်တယ်၊ ဖောက်သည် သွင်းဈေးကတော့ ရိုးရိုးချုပ်တစ်လုံးနှုန်းကို ယခင်နှစ်ကထိ (၈၀၀) ကျပ်၊ အခုကတော့ (၁၀၀၀) ကျပ် သွင်းရပါတယ် ပြန်ရောင်းသူက (၁၅၀၀) ကျပ်လောက် ပြန်ရောင်းပါတယ်” ဟုပြောသည်။

လယ်ယာလုပ်ငန်းများတွင် အသုံးပြုမှုအများဆုံး ကြက်သောင်းဝါးကို နှီးဖြာပြီးရက်လုပ်သည့် ဝါးတောင်းစကောစကာသည် ဇေယျဝတီမြို့၊ လင်း​​ယောခင်ကျေးရွာတွင် တစ်ရွာလုံး ဘိုးဘွား လက်ထက်ကစ၍ ယနေ့ထိ လုပ်ကိုင်နေသေးကြောင်း၊ ကုန်ကြမ်းဖြစ်တဲ့ ဝါးရှားပါးလာမှုကြောင့် အမြတ်နည်းသော်လည်း ဈေးကွက်ကတော့ရှိနေကြောင်း သိရသည်။ လင်းယောခင်ကျေးရွာသူ ဒေါ်အမာကြည်က “ကျွန်မတို့က တစ်ရွာလုံး တစ်အိမ်မကျန်လုပ်ကြတယ်၊ ရွာမှာပဲတဆင့် အနေနဲ့ လုပ်နိုင်သလောက် သွင်းလို့ရတယ်။ ကြက်သောင်းဝါးကို နှီးဖြာ၊ အခြောက်လှန်း၊ ကျပ်ခိုးတိုက်ပြီး လေးပြည်ဝင် တစ်စိတ်တောင်း၊ ရှစ်ပြည်ဝင် ခွဲတောင်း၊ တင်းတောင်း၊ ခံတောင်း၊ ဈေးရောင်းတောင်းနဲ့ စကောစကာတွေ လုပ်ပါတယ်၊ ကျွန်မတို့က တင်းဝါးကို တောင်းအနားကွပ်ခွေအဖြစ်သုံးတာပါ၊ ခိုင်ခန့်အောင် ကြိမ်နဲ့လဲ တုတ်ချည် ရတာ ရှိပါတယ်။ ဈေးကွက်ရှိတယ်၊ ဝယ်ရတဲ့ အရင်းလေး အခက်အခဲရှိတာတစ်ခုက အမြတ်နည်းပေမယ့် မိရိုးဖလာအလုပ် တစ်ခုအနေနဲ တစ်ပိုင်တစ်နိုင်ပေါ ” ဟုပြောသည်။

ထို့အပြင် ဖြူးမြို့နယ်၊ ချင်းခင်ကျေးရွာအုပ်စု၊ ဇီးခင်ကျေးရွာတွင် တင်းဝါးအသုံးပြုပြီး ဝါးနှီးဖြင့် အိမ်အသုံးဆောင် အလှထားပစ္စည်း ရက်လုပ်သည့်လုပ်ငန်းသည် ပဲခူးတိုင်းဒေသကြီးနှင့် အခြားမြို့ကြီးများအထိရောက်ရှိပြီး ခရီးသွားတွေအတွက် စိတ်ဝင်စားစရာ ကောင်းနေကြောင်း၊ မည်သို့သော ဖိုက်ဘာ၊ ကော်နှင့် ပြုလုပ်သည့် အဆန်းတကြယ်ပစ္စည်းများ ပေါ်လာသော်လည်း ဝါးဖြင့်ပြုလုပ်သည့် မြန်မာ့ရိုးရာ လက်မှုပညာသည် တိမ်ကောမှုမရှိကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)