မော်လမြိုင်ကျွန်း နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၂၈)ကြိမ်မြောက် မြို့နယ်လုံး ဆိုင်ရာစုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပွဲအား ယမန်နေ့ ညနေ ၃ နာရီအချိန်က သမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီတော်ကြီး၊ မြို့နယ်သံဃနာယကရုံး၌ ဆောင်ရွက်သည်။
အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီးနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဇောတိကထံမှ ငါးပါးသီလဆောက်တည်ခံယူကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်နှင့် ဇနီး ဒေါ်ခင်မာမူတို့မှ ကထိန်လျှာညှပ်သင်္ကန်းအား ဆက်ကပ်လှူဒါန်းပူဇော်ကာ ပင့်သံဃာများအား တက်ရောက် လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက ပစ္စည်းတန်ဖိုး (၄၃၀၈၅၀၀)၊ ငွေတန်ဖိုး (၉၉၆၄၅၅၅)၊ စုစုပေါင်း (၁၄၂၇၃၀၅၅) ကျပ် တန်ဖိုးရှိသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချ အမျှအတန်းပေးဝေကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)