ရွှေကျင် နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ညောင်ဝိုင်း/ တရုတ်တန်းရပ်ကွက်အတွင်းရှိ သမိုင်းဝင်ရွှေတောင်ဦးစေတီတော်တွင် အခွန်ဝန်ဦးနော်မှ (၁၂၄၃)ခုနှစ်တွင် စတင်ခဲ့သည့် (၁၄၁) ကြိမ်မြောက် တန်ဆောင်တိုင် ဆွမ်းတော်ကြီးလောင်းလှူပွဲကို နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့ မွန်းလွဲ ၂ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့သည်။
ရွှေကျင်မြို့နယ် ရွှေတောင်ဦးစေတီတော်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ (၁၄၁)ကြိမ်မြောက် တန်ဆောင်တိုင် ဆွမ်းတော်ကြီးလောင်းလှူပွဲကို မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း စုစုပေါင်း (၂၂၈)ကျောင်းအား ကျောင်းအလိုက် ရွှေတောင်ဦးစေတီတော် ဂေါပကအဖွဲ့မှ ဦးဆောင်ပြီး အလှူရှင်များမှ လှူဒါန်းသော ဝတ္ထုငွေများအား ဗလာမပါကံစမ်းမဲဖောက်ပေးကာ လှူဒါန်းပေးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း(၂၁၀) ကျောင်းမှ သံဃာတော်(၁၄၆၂)ပါး၊ သီလရှင်ကျောင်း(၁၈)ကျောင်းမှ သီလရှင်(၇၂)ပါး စုစုပေါင်း (၁၅၃၄)ပါးတို့အား ဒေသခံအလှူရှင်များနှင့်အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များက ရွှေတောင်ဦးစေတီတော် စင်္ကြန်လမ်းတလျှောက်တွင် လှူဖွယ်ပစ္စည်းများအား စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)