ပြည်မြို့၌ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ပြည်   နိုဝင်ဘာ  ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ မြို့ကျက်သရေဆောင်သီရိခေတ္တသိရိန္ဒရသာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်၌ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပသည်။

အခမ်းအနားကိုရှေးဦးစွာ “နမောတဿ ဗုဒ္ဓဝန္ဒနာ”(၃)ဂါထာတော်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ပြည်မြို့ဝင်္ကဘာကျောင်းတိုက်ဆရာတော်ဒေါက်တာဘဒ္ဒန္ဒ သြဘာသထံမှ ဒကာ၊ ဒကာမအပေါင်းတို့က(၉)ပါးသီလခံယူကြသည်။

ယင်းနောက်ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံမှ ရွတ်ပွားချီးမြင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်ရေးမှူး ရဲမှူးတိုးလှိုင်ကသာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက်ဒကာ၊ ဒကာမအပေါင်းတို့က ဆရာတော်အရှင်သူမြတ်တို့ထံ လူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ဝင်္ကဘာကျောင်းတိုက်ဆရာတော်ဒေါက်တာဘဒ္ဒန္ဒ သြဘာသ ကလှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေတော်မူသည်။

ထို့နောက်အခမ်းအနားပထမပိုင်းကို ဗုဒ္ဓသာသနံစိရံတိဠတု (၃)ကြိမ်ရွတ်ဆိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါစုပေါင်းမဟာဘုံကထိန်သည် ပြည်မြို့ပေါ်ရှိဘုန်တော်ကြီးကျောင်းများအနက် ကထိန်အာနိသင်မရရှိသေးသော ဘုန်းတော်ကြီးကျောင်း(၂၇)ကျောင်းအား ပြည်မြို့ရှိခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်စေတနာရှင်များက ပဒေသာပင်များသီး၍ ကထိန်အာနိသင်ရရှိစေရန် စုပေါင်းမဟာဘုံကထိန်တွင် လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ကိုစိုး(ပြည်)