ဟင်္သာတခရိုင်တွင် (၃၄) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ၊ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်

ဟင်္သာတ နိုဝင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၌ ပြည်ထဲရေးဝန်ကြီးဋ္ဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)ကြိမ်မြောက် ဌာနနှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အငြိမ်းစား ဝန်ထမ်းဟောင်းများအား ဂါရဝပြုကန့်တော့၍ အမှတ်တရ လက်ဆောင်များ ပေးအပ်ကာ မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခတ္တာထွန်းက ဝန်ထမ်းများအား တူညီဝတ်စုံများ ပေးအပ်ထောက်ပံ့ခဲ့သည်။ ထို့နောက်  ဗလာမပါ ကံစမ်းမဲ ဖောက်ပေးခြင်းနှင့် မိတ်ဆုံစားပွဲ အစီအစဉ်များ ပြုလုပ်ပေးခဲ့သည်။

ထို့ပြင် ဌာနနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာလ ၆ ရက်နေ့က ခရိုင်နှင့် မြို့နယ်ရုံးများမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စုပေါင်း၍ သွေးလှူဒါန်းပွဲကို ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင်လည်း ဆောင်ရွက်ခဲ့ကြသည်။ သွေးလှူဒါန်းရာသို့ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း၊ မိသားစုစည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခတ္တာထွန်းတို့က သွေးလှူဒါန်းမည့် ဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ မှတ်တမ်းရေးသွင်းခြင်းတို့ကို ကြည့်ရှုပြီး သွေးလှူရှင်များကို အားပေးစကားပြောကြားခြင်း၊ အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးခဲ့သည်။ ထို့နောက် ခရိုင်ဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါ သွေးလှူဒါန်းပွဲကို လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိများနှင့် ဝန်ထမ်းများ ၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ