မြိတ်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ (ဒွါဒသမ) အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မြိတ် နိုဝင်ဘာ ၆

မြိတ်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ (ဒွါဒသမ) အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ(၆)ရက် နံနက်(၉) နာရီခွဲက မြိတ်မြို့ မြို့ကျက်သ‌ရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တော်၌ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြတ်စွာဘုရားအား ရည်မှန်း၍ သာသနာ့ဗိမာန်တော်အတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်အား တာဝန်ရှိသူများမှ ရွှေကြာသင်္ကန်းနှင့် ပန်း၊ ရေချမ်း ဆက်ကပ်ပူဇော်ကြပြီး လှူဒါန်းပွဲကို သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။

ထိုနောက် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တလာသန လှည်ဘီးပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ဆက်လက်၍ ကထိန်ခံပသောင်းကျေးရွာမှ ဓမ္မရက္ခိတကျောင်းတိုက် ဆရာတော်အား ကထိန်လျာသင်္ကန်းကို မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့်ဇနီး ဒေါ်သန္တာအေးတို့ က ဆက်ကပ်လှူဒါန်းပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တနာရဒ မော်တောင်ကျောင်းတိုက် ဆရာတော်ထံမှ  ကထိန်အနုမောဒနာတရား နာယူကြည်ညိုခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ လှူဒါန်းပွဲအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြ၍ တာဝန်ရှိသူများက ရွှေမိုးငွေမိုး ရွာသွန်းဖြိုးပေးသည်။ လှူဒါန်းပွဲအပြီးတွင် ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ဧည့်ပရိတ်သတ်တို့အား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

မြိတ်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏(ဒွါဒသမ)အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ပဒေသာပင်အကြီး စုစုပေါင်း(၇၈)ပင်ရှိပြီး အဆိုပါ ပဒေသာပင်များကို စာရေးတံမဲဖောက်၍ ကျောက်တိုက်အသီးသီးသို့ တာဝန်ရှိသူများက သွားရောက်လှူဒါန်းကြသည်။ လှူဒါန်းပွဲ၌ လှူဒါန်းကြသည့် ပဒေသာပင်နှင့် နဝကမ္မအလှူငွေ စုစုပေါင်းတန်ဖိုးမှာ ကျပ်(၄၃၁)သိန်းကျော်ရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)