ရာသီပေါ် မဲဇလီဖူးရောင်းသူများ အဆင်ပြေ လျက်ရှိ

နတ်မောက်  နိုဝင်ဘာ ၆

တန်ဆောင်မုန်းလတွင် မဲဇလီဖူးများ လှိုင်လှိုင်ပေါ်လျက်ရှိရာ တန်ဆောင်မုန်းလပြည့်နေ့တွင် မဲဇလီပင်များ ဆေးပေါင်းခသည်ဟူ၍ ကျေးလက်နေပြည်သူများ မှတ်ယူကြပြီး ယနေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာ ရေးစျေးတွင် မဲဇလီဖူး ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့အတွင်းတွင် မဲဇလီပင်များသည် ကားလမ်းဘေးဝဲယာများ၌ အများစုတွေ့နိုင်သည်။ မဲဇလီဖူးမှာ ဆေးဖက်ဝင်အပင်ဖြစ်ပြီး မဲဇလီဖူးကို သုပ်စားပါက ကျန်းမာရေးနှင့် ညီညွတ်သည်။ အထူးသဖြင့် လေအတွက် ကောင်းမွန်သည်ဟု ဆိုထားသည်။ တန်ဆောင်မုန်း လပြည့်နေ့ည (၁၂)နာရီတွင် ဆေးပေါင်းခချိန်နှင့် မဲဇလီဖူးသုပ်အကြောင်းကို လူသိများလှသည်။ လက်ရှိကာလ တန်ဆောင်မုန်းလပြည့်နီးသည့် ကာလ မဲဇလီ ဖူးများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။ တစ်နေ့လျှင် မဲဇလီဖူးချိုးသူတစ်ဦးကို အနည်းဆုံး မဲဇလီဖူး(၂၅)ပြည် အထိရရှိကြောင်း သိရသည်။ မဲဇလီဖူးများ ရောင်းချရာတွင် ပြုတ်ပြီးမှ ရောင်းချလေ့ရှိရာ ပြုတ်ပြီးသား မဲဇလီဖူးတစ်ပြည်လျှင် ငွေကျပ်(၁၆၀၀)ဖြင့် ရောင်းချရသည်။ လက်ရှိကာလတွင် နတ်မောက်မြို့ နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ မဲဇလီဖူး ရောင်းသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လှဝင်း