သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအလယ်တန်း ကျောင်း(အစုကြီး)တွင် စာကြည့်တိုက်ပညာရက်တိုသင်တန်းဖွင့်လှစ်

သာပေါင်း နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအလယ်တန်းကျောင်း(အစုကြီး)တွင် စာကြည့်တိုက်ပညာ ရက်တိုသင်တန်းကို နိုဝင်ဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြသည်။

စာကြည့်တိုက်ပညာရက်တိုသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းမှ စာကြည့်တိုက်သည် ပညာဗဟုသုတတိုးပွားလိုလားသူတို့အတွက် လွတ်လပ်စွာရှာဖွေနိုင်သော နေရာဖြစ်သဖြင့် လူထုတက္ကသိုလ်ဟုလည်းဆိုနိုင်သည်။ ပညာရပ်အမျိုးမျိုး ဆရာအမျိုးမျိုးတွေ့နိုင်သော တက္ကသိုလ်ဟုဆိုနိုင်သည့်အပြင် လောက၏ ပြူတင်းပေါက်များဟုလည်း ခေါ်ဆိုနိုင်ကြောင်း၊ ကျောင်းစာကြည့်တိုက်များ အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အမှားနှင့်အမှန်ကိုဝေဖန်ပိုင်းခြားနိုင်၍ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရန်၊ ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်စေရန်၊ နိုင်ငံတော်ကိုအကျိုးပြုမည့် သားကောင်းသမီးကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်မိတ်ဆက်စကားပြောကြားပြီး စာအုပ်များစစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်းနည်းလမ်းများကို သင်ကြားပို့ချခြင်း၊ ဒုတိယဦးစီးမှူး ဦးအောင်တင်က ပညာရပ်အုပ်စုအလိုက်ပါဝင်သည့် စာအုပ်အမျိုးအစားများ၊ မျိုးတူစုပြုခြင်းများ၊ ကတ်တလောက်ရေးသွင်းနည်း၊ ရုပ်သံကျွမ်းကျင်-၃ ဦးသန်းထွေးက စာအုပ်များတွင်မှတ်သားမှုစနစ်များ၊ တံဆိပ်ရိုက်နှိပ်ခြင်းလုပ်ငန်းများ၊ သုတရသစာအုပ်များအနှောင့်ကပ်ခြင်းလုပ်ငန်းများအား စာတွေ့၊ လက်တွေ့ သင်ခန်းစာများအား (၂)ရက်တာသင်ကြားပို့ချပေးခဲ့ကြသည်။

အဆိုပါ သင်တန်းသို့ အခြေခံပညာမူလတန်းကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း/ ခွဲ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၉)ကျောင်းတို့မှ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ(၁၉)ဦး တို့တက်ရောက်ခဲ့ကြပြီး အခြေခံပညာအလယ်တန်းကျောင်း(အစုကြီး) ကျောင်းတွင် ရန်ကုန်မြို့နေ ဆရာကြီးဦးကျော်မြင့်(ရူပဗေဒ) အလှူရှင်မှ လှူဒါန်းတည်ဆောက်ထားသည့် စိမ်းလန်းမြေကျောင်းစာကြည့်တိုက်အား နိုဝင်ဘာလအတွင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း