ကျုံပျော်တွင် နေကြာသီးနှံစိုက်ပျိုးမှုအောင်မြင်ရေး ကွင်းဆင်းကြီးကြပ်ခြင်းများဆောင်ရွက်

ကျုံပျော် နိုဝင်ဘာ ၆

ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများရရှိရေးအတွက် ဆီထွက်နေကြာသီးနှံများကို စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးမှုအောင်မြင်ရေး ကွင်းဆင်းကြီးကြပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စုတွင် ယမန်နေ့ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အထောင်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ဌာနဆိုင်ရာကွင်းဆင်းကြီးကြပ်အဖွဲ့များက ကွင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာ လယ်/စီအဖွဲ့၊ နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံ၍ အဓိကလမ်းမကြီးများနံဘေးတွင် နေကြာတိုးချဲ့စိုက်ပျိုးသွားရန်၊ တောင်သူများအနေဖြင့် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြရန်၊ ရပ်ကျေးအဖွဲ့မှလည်း တောင်သူများ၏လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်ပေးသွားရန်နှင့် နေကြာမျိုး‌စေ့များအား စိုက်ပျိုးရေးဌာနတွင် သွားရောက်ထုတ်ယူကြရန်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့အပြင် မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာမှလည်း ဆောင်းသီးနှံချေးငွေနှင့် နေကြာသီးနှံချေးငွေကိစ္စရပ်များအားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများကလည်း နေကြာစိုက်ပျိုးရေး နည်းစနစ်များအားလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားကြပြီး၊ နေကြာစိုက်ပျိုးမည့်လယ်မြေများသို့ ကွင်းဆင်းကြည့်ရှု ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် နေကြာစိုက်ပျိုးရန် ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉၂)ခုရှိပြီး၊ သီးသန့် (သီးထပ်) ၇၅ % (၈၃၃၀) ဧကနှင့် သီးညှပ် ၂၅ % (၂၇၇၆) ဧက ၊ စုစုပေါင်း (၁၁၁၀၆)ဧက လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လပြည့်ဦး