ဘားအံ နိုဝင်ဘာ ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဆရာမဒေါ်နန်းမြင့်တင်က ကရင်ပြည်နယ် နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့ပြီးသည့်အချိန်တွင် ပြည်နယ်နှင့်တိုင်းများ သတ်မှတ်ဖွဲ့စည်းကြသည့်အခါ၌ ကရင်ပြည်နယ်သတ်မှတ်ပေးရန် ကရင်လူမျိုးအများစုနေထိုင်ရာဒေသကို ကရင်ပြည်နယ် အဖြစ်သတ်မှတ်ပေးနိုင်ရန် ပါလီမန်တွင် ထည့်သွင်းစဉ်းစားခြင်း၊ ကရင်ပြည်နယ်အာဏာလွှဲပြောင်းရေးကို သမ္မတအိမ်တော်၌ သမ္မတကြီး ဒေါက်တာဘဦးကိုယ်တိုင် ၁၉၅၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အခမ်းအနားဖြင့် ကျင်းပပေးခဲ့သဖြင့် ထိုအချိန်မှစ၍ မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်ဟု စတင်ပေါ်ပေပေါက်လာပုံ၊ ကရင်ပြည်နယ်နေ့ ကျင်းပရန်အတွက် အခြေခံအချက် (၃)ချက်အား ရွေးချယ်အတည်ပြုနိုင်ရန် သဘောတူညီခဲ့ကြပုံ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာပေအသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်၍ မိတ်ဖက်ဌာနအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည့် အကြောင်းအရာများကို အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)