လက်ပံတန် နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၊ ဘီးလင်းတန်းရပ်ကွက် ဘုရားကြီးဘုန်းတော်ကြီးကျောင်း၌ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ဒေသခံပြည်သူမျာ၏ (၂၀)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဘုံကထိန်အလှူပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဆရာတော် သံဃာတော်များချီးမြှင့်သော ပရိတ်တရားတော်များကို နာယူဆောက်တည်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖတ်အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍည ဆရာတော်ထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က ကထိန်လျာဉာတ်သင်္ကန်း ဆက်ကပ်လှူဒါန်း ပေးခြင်း၊ ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များထံ ပဒေသာပင်ခြင်း ၃၂ ခု၏ လှူဖွယ်ဝတ္ထုပစ္စည်း တန်ဖိုး ၂၈၈၀၀၀၀ ကျပ်နှင့် လှူဒါန်းငွေ ၄၈၅၉၀၀၀ ကျပ် စုစုပေါင်းလှူဒါန်းငွေ ၇၇၃၉၀၀၀ ကျပ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများက ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းသံဃနာယကအဖွဲ့ဝင် ဘုရားကြီးကျောင်းတိုက်ဆရာတော် ဥူးအရိယထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလခံယူဆောက်တည်ပြီး အနုမောဒနာတရားနာယူကာ ရေစက်သွန်းချအမျှတန်းပေးဝေ၍ ကထိန်အလှူပွဲကိုကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ဧည့်ခံကြွေးမွေးခဲ့ကြကြောင်းနှင့် မြို့နယ်လုံးကျွတ်ကထိန်အလှူပွဲအား နှစ်စဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းထွန်း