ဖရူဆို စက်တင်ဘာ ၁၈
ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပဲ့ဒူက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဝန်ရှိသူများက ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၄) အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၀၂၀) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၀၄၀၀၀၀၀) ကို တတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိနေသော မြို့ပေါ်(၅) ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၇၇) အတွက် ထောက်ပံ့ငွေကျပ် (၃၅၄၀၀၀၀) ကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပဲ့ဒူ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်လွှီးဇာ နှင့် ဒေါ်ရှားမူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တောရယ် (ပြန်/ဆက်)