မင်းဘူးမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၏ ပဥ္စမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

မင်းဘူး နိုဝင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၏ ပဥ္စမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ ဓာတ်တော်ကုန်းဘုရားရှိ သံဃသာမဂ္ဂီသိမ်ဓမ္မာရုံတော်ကြီးအတွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်းရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မင်းဘူးမြို့၊ မဟာဝိသုတာရာမတိုက်သစ် ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တဉာဏိကနှင့် မှန်ကင်းပရိယတ္တိစာသင်တိုက် ပဓါနနာယက မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသုဇန အမှူးပြုသော ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်များနှင့် ကထိန်အနုမောဒနာတရားတော်များ နာယူကြည်ညိုကြသည်။

ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက ဆရာတော်ကြီးများ ထံသို့ ကထိန်ခံကျောင်းများကိုယ်စား ကထိန်လျာညှပ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှအတမ်းများ ပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံကြိမ်ရွတ်ဆိုစုတောင်း၍ ရုပ်သိမ်းခဲ့ပြီးနောက် ဆရာတော် အရှင်သူမြတ်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။

မင်းဘူး(စကု)မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ကထိန်မရရှိသေးသော ကျောင်း(၄) ကျောင်းအတွက် မင်းဘူးခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ အလှူရှင်များနှင့် ဈေးသူ/ဈေးသားများမှ စုဖွဲ့ လှူဒါန်းသော ပဒေသာပင်(၄၀)ပင်အား ပဥ္စမအကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအဖြစ် ခွဲဝေလှူဒါန်းပေးခဲ့ပြီး စုစုပေါင်းလှူဒါန်းမှုတန်ဖိုးငွေကျပ် (၁၁၂)သိန်းကျော်ကို ရေစက်ချလှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)