ငဖဲ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာ၌ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့နံနက်ပိုင်းက ပဒါန်းကျေးရွာအခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် ငဖဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညွန်းမြင့်၊ မြို့နယ်ဦးစီး အရာရှိ ဒေါ်ဟန်မီမီကျော် နှင့် အဖွဲ့ဝင် (၃)ဦးက စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပဒါန်း၊ရင်းရှည် ၊စည်သာ၊မာန်အောင် ၊ဇင်ပြွန်း၊ သာယာကုန်း နှင့်ဆူးပဒေါင်းကျေးရွာအုပ်စုများမှ ကျေးရွာကော်မရှင် အဖွဲ့ဝင်(၅၆)ဦးအားလည်းကောင်း၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် တောင်ပေါ်ကျေးရွာအုပ်စု များဖြစ်သော ဂုတ်ကြီး၊စပ်စီ၊ပဘဲ၊ ဘုံးဘော၊ပဘွေး၊ နောင်၊တင်ပြင်း၊ လင်းဒဲ၊ စွန်တက်၊ ပဇီ နှင့် လိုင်ကျေးရွာအုပ်စုများမှကျေးရွာကော်မရှင်အဖွဲ့ခွဲဝင် (၅၅)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီအခန်း(၂)ခန်း ခွဲ၍ဖွင့်လှစ် သင်ကြား ပေးလျက်ရှိသည်။
ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်းတွင် မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ကြိုတင်ဆန္ဒမဲ ပေး ခြင်း၊ ရွေးကောက်ပွဲစက်ဝန်းနှင့်မဟာဗျူဟာစီမံကိန်းပန်းတိုင်များ၊ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေ များ နှင့်လုပ်ငန်း လမ်းညွှန်များ၊ မြို့နယ် ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ စသည့်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို သင်ကြားပို့ချ ပေးခဲ့ကြောင်းသိရသည်။
မယု(ငဖဲ)