မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာ ဟောပြောပွဲအား ယမန်နေ့ မွန်းလွဲ ၁  နာရီအချိန်က အမှတ် (၂) ရပ်ကွက်၊ မြို့မအခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင်  မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာဖြူဖြူဝင်းက ခွေးရူးရောဂါ သိကောင်းစရာများ အကြောင်း၊  မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူ၏ အခွင့်အရေးနှင့် လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က အားကစားနှင့် လူငယ်အကြောင်း သိကောင်းစရာများ၊  မြို့နယ်(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော်က အအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါများအကြောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းက သဘာဝဘေး အန္တရာယ်များအကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ပြီး  (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများအား အခမဲ့ဆေးဝါးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)