သာပေါင်း နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာရှိ လယ်ကွင်းထဲတွင် အသက် ၁၅ နှစ်ခန့်ရှိ တောဆင်ထီးတစ်ကောင် ဝမ်းဗိုက်ဖောင်းကား သေဆုံးနေသည်ကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ဒေသခံ ပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိ၍ သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က သွားရောက် စစ်ဆေးမှတ်တမ်းရယူပြီး မီးရှို့သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်၊ လှေကြီးတက်အုပ်စု၊ ရေတွင်းကုန်းကျေးရွာ၊ ရှောက်ချောင်းအနီး (ဒေသခေါ်)၊ ဦးချစ်အုန်း(ပိုင်) လယ်အတွင်းတွင် တောဆင်တစ်ကောင် သေဆုံးနေရာသို့ ပုသိမ်မြို့နယ် ဆင်ကြိုးဝိုင်းမှ ဆင်ဆရာဝန် ဦးဇော်မင်းသူက စစ်ဆေးတိုင်းတာမှုပြုလုပ်ရာတွင် ဆင်အထီး၊ အသက်(၁၅)နှစ်ခန့်၊ ကျော(၇ ပေ)၊ အမြီး(၃ပေ၊၅လက်မ)၊ အမြင့်(၆ပေ၊၁၀လက်မ)၊ လုံးပတ်(၁၃ပေ)၊ ခြေသည်း အရှေ့(၅)၊ အနောက်(၄)၊ တောင်ဖက်သို့ ခေါင်းပြုလဲနေပြီး၊ ဆင်သည် စပါးခင်းအတွင်း ဝင်စားပြီး ဝမ်းဗိုက်ဖောင်းကား (BLOAT)ဖြစ်ပြီး သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တောဆင်ထီးသေဆုံးမှုကို မြို့မစခန်း(သာပေါင်း)မှ စခန်းမှူး ဒုတိယရဲမှူး ဝင်းနိုင်ဦးနှင့် ရဲတပ်ဖွဲ့များ၊ သစ်တောရဲတပ်ဖွဲ့ခွဲမှ ရဲအုပ် သန်းထိုက်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ ပုသိမ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးအုန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တော ဦးစီးဌာနမှ တောအုပ် ဦးမျိုးမင်းလတ်နှင့် ဝန်ထမ်းများ၊ မြန်မာ့သစ်ထုတ်လုပ်ရေးဌာနမှ မြို့နယ်မန်နေဂျာ ဦးကျော်မျိုးလတ်နှင့် ဝန်ထမ်းများ၊ ပုသိမ်မြို့နယ် ဆင်ကြိုးဝိုင်းမှ ဆင်ဆရာဝန် ဦးဇော်မင်းသူနှင့် လှေကြီးတတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလေးမောင်နှင့် အဖွဲ့ဝင်တို့က သွားရောက် ကြည့်ရှုစစ်ဆေးမှတ်တမ်းရယူပြီး မီးရှို့သင်္ဂြိုလ်ပေးခဲ့ကြသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်