ဝေါမြို့နယ်တွင် (၂၉) ကြိမ်မြောက် ဝေါမြို့မစုပေါင်း မဟာဘုံကထိန်ပွဲကျင်းပ

ဝေါ နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် (၂၉) ကြိမ်မြောက် ဝေါမြို့မ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲကျင်းပခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဝေါမြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲတွင် ဝေါမြို့ပေါ်ကျောင်း(၂၀) ကျောင်းမှဆရာတော်ကြီးများနှင့်အလှူရှင်များက နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး သဒ္ဓမ္မပါလကျောင်း ဆရာတော် ဦးဝေပုလ္လထံမှ ငါးပါးသီလနှင့် သြဝါဒခံယူ ဆောက်တည်၍ မြို့ပေါ်ကျောင်း(၂၀) မှဆရာတော်များအား ကထိန်ညှပ်သင်္ကန်းများ ဆက်ကပ်လှူဒါန်းသည်။ ကံဦးကျောင်းဆရာတော် ဦးဓမ္မပီယမှ ညှပ်သင်္ကန်းကပ်လှူမှုအား မိန့်ကြားဆောင်ရွက်ပေးပြီး ပဒေသာပင်(၂၀)အတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် ဌာနဆိုင်ရာ အလှူရှင်များကပ်လှူခဲ့ကြသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်း က (၂၉) ကြိမ်မြောက် ဝေါမြို့မစုပေါင်း မဟာဘုံကထိန်ပွဲ စီစဉ်ဆောင်ရွက်ထားမှုများကို လျှောက်ထားပြီး ညှပ်သင်္ကန်း၊ ဆွမ်းစရိတ်ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးများ ပဒေသာပင်မဲနှိုက်လှူဒါန်းခဲ့သည်။

ထို့နောက် ဇွဲမစိုးရိမ်ကျောင်းဆရာတော် ဦးပညာသီရိထံမှ လှူဒါန်းမှူအစုစုအတွက် ကထိန်အနုမောဒနာ ရေစက်ချတရားချီးမြှင့်နာယူကာ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်ချ အမျှပေးဝေပြီးနောက် အခမ်းအနားကို ဗုဒ္ဓဿသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။

(၂၉) ကြိမ်မြောက် ဝေါမြို့မ စုပေါင်းမဟာဘုံကထိန် ဆက်ကပ် လှူဒါန်းရာတွင် အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်း(၄၇၁၆၃၇၀၀)ကျပ်အား ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန် / ဆက်)