(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထွန့်ပတိုင်ရေကန်အဝင်လမ်း ကွန်ကရစ်လမ်းသစ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ဖွင့်လှစ်

ဘားအံ နိုဝင်ဘာ ၄

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထွန့်ပတိုင်ရေကန်အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာအုပ်စုရှိ အဆိုပါလမ်းမုခ်ဦး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ အဖွဲ့ဝင်ဦးစောဒန်နီရယ်၊  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များသည် ထွန့်ပတိုင်ချမ်းသာကြီး ကျောင်းဆောင်၌ ထွန့်ပတိုင်ရေကန်ဦးစီးတည်ထောင်သူ ကျောက်ကလပ်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိမလအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ထွန့်ပတိုင်ရေကန်အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခင်မူလရေကန်အဝင်လမ်းသည် မြေသားလမ်းဖြစ်ပြီး လမ်းအရှည်(၅)ဖာလုံအား (၁၄)ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများအတွက် အသွားအလာ အဆင်ပြေချောမွေ့သွားပြီ ဖြစ်ကြောင်း၊ ထွန့်ပတိုင်ရေကန်အဝင်လမ်းသည် ခရီးသွားပြည်သူများ အသွားအလာများသော နေရာတစ်ခု ဖြစ်ပြီး ယခုကဲ့သို့ ကွန်ကရစ်လမ်းသစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ဒေသ၏ ခရီးသွားလုပ်ငန်း တိုးတက်လာမည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းနှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြပြီး ကျေးလက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီးခင်ဇော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီး များအား လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဦးစောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့သည် ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ ဖွင့်လှစ်ပေးကြပြီး  လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကာ လမ်းဖွင့်ပွဲအခမ်းအနားတွင် လာရောက်သီဆိုကပြဖျော်ဖြေပေးကြသည့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်သည် အရှည်(၅)ဖာလုံ၊ အကျယ် ၁၄ ပေရှိပြီး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၉၄ ဒဿမ ၅၅၅)သန်းဖြင့် Burma Palace ကုမ္ပဏီမှ  တင်ဒါ အောင်မြင်ဆောင်ရွက်ပြီးစီး၍ ယနေ့ဖွင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ထွန့်ပတိုင်ကန်တော်မင်္ဂလာနှင့် ထွန့်ပတိုင် တံတားတို့အား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ထွန့်ပတိုင်(ထမ္မတိုင်)တောင်ခြေကျောက်သားနံရံ၌  မြတ်စွာဘုရားရှင်အား ရည်မှန်းပုံဖော်ထုဆစ်ထားသော နဂါးရုံ ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော် ကြည်ညိုခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ နောင်လုံ(အရှေ့)ကျေးရွာ၊ ကွင်းအမှတ် ၁၁၄၇၊ တောင်သူဦးမောင်ရှိန်၏ လယ် ၅ ဧကအတွင်း ဆောင်းဆီထွက်သီးနှံ နေကြာမျိုးစေ့ပေးအပ်ခြင်းနှင့် အစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို တက်ရောက် အားပေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က စားနပ်ရိက္ခာဖူလုံ ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုကြောင်း၊ ယခုကဲ့သို့ မိုးစပါး အပြီးတွင် အခြားအလားအလာရှိသည့် သီးနှံများကို နှစ်သီးမသုံးသီး အထိစိုက်ပျိုးထုတ်လုပ်မှသာလျှင် ဆန်/ဆီ/ပဲ ဖူလုံပိုလျှံပြီး ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး သာယာဝပြောလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း စားနပ်ရိက္ခာဖူလုံရေးနှင့် သီးနှံများတိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ပြည်နယ်၏လိုအပ်ချက်၊ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို ရှေးရှုပြီး အဖက်ဖက်မှအားပေးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဦးစောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဆောင်းဆီထွက် သီးနှံနေကြာစိုက်ပျိုးကြမည့် အိန္ဒု၊ လွန်းည၊ နောင်လုံ (အရှေ့) နောင်လုံ(အနောက်)၊ အိန္ဒဲကျေးရွာများမှ တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ ပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဆောင်းဆီထွက်သီးနှံ နေကြာအစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကို လက်တွေ့သရုပ်ပြသခဲ့ပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော တောင်သူပညာပေးပြခန်းငယ်များနှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများအား တောင်သူ များထံ ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေသည့် အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင မန်းငြိမ်းမောင်သည် ကရင်ပြည်နယ ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်အား သွားရောက်ဖူးမြော် ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)