ပုလဲ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး ကျန်းမာရေး စစ်ဆေးဂိတ်များ ဖွင့်လှစ်၍ အရှိန်တိုးမြှင့် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
ပုလဲမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “ ကျွန်တော်တို့ မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေး စစ်ဆေး ဂိတ်များကို ပုလဲမြို့အဝင် အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်း ကျောင်း ရှေ့မှာ တစ်ခု၊ ကျားတက် - ပုလဲကားလမ်းဘေး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ တစ်ခု၊ ပုလဲ-ဂန့်ဂေါ ကားလမ်း ဘေး နှောကန် ကျေးရွာအနီး မြို့နယ်လမ်းဦးစီးဌာန ဧည့်ရိပ်သာဝန်းမှာ တစ်ခု၊စုစုပေါင်း ကျန်းမာရေး စစ်ဆေးရေးဂိတ် ၃ ခု ဖွင့်လှစ်၍ အရှိန်တိုးမြှင့် ဆောင်ရွက် လျက်ရှိပါတယ်။
ဒီနေ့မှာဆိုရင်လည်း မြို့နယ်ပညာရေးအထောက်အကူပြု ကိုယ်ပိုင်ဘာသာရပ်သင်ဆရာ၊ ဆရာမများအဖွဲ့က ငွေကျပ် ၅ သိန်းကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ လာရောက် လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြား ချက်များကို ပြည်သူများအနေဖြင့် တိကျစွာ လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက်လည်း ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ လူမှုရေးအသင်း အဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိပါတယ် ” ဟု ပြောပြခဲ့သည်။
အဆိုပါ ပုလဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး ကျန်းမာရေး စစ်ဆေးဂိတ်များ ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင် သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စက်တင်ဘာ ၁၇ ရက်က ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပုလဲမြို့နယ်အတွင်းရှိ Quarantine Center များ၌ ထားရှိသည့် နေရပ်ပြန်ဒေသခံ ပြည်သူ ၈၃ ဦးအား အာခေါင်တို့ပတ်ယူ၍ စက်တင်ဘာ ၁၅ရက်တွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) သို့ ပို့ဆောင်၍ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ မတွေ့ရှိရကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
မြင့်သိန်းစိုး (ပြန်/ဆက်)