ကျုံပျော်မြို့၊ မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်

ကျုံပျော် နိုဝင်ဘာ ၄

မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် စားရေရိက္ခာများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်က ပြုလုပ်သည်။

ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်သန်း၊ မီးသတ်ဦးစီးအရာရှိ ဦးအောင်စိန်ဘွင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့မဈေး အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူဈေးသားများတက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်မှု နည်းစနစ်များကို တက်ရောက်လာသူများအား ရှင်းလင်းပြောကြားပြီး၊ အသေးစား မီးလောင်ကျွမ်းမှုများအား အဝတ်ပုဆိုးတို့ဖြင့် အောက်ဆီဂျင်ဖြတ် မီးငြိမ်းသတ်နည်း၊  မီးသတ်ဆေးဘူး အသုံးပြု မီးငြိမ်းသတ်နည်းနှင့်  အကြီးစား မီးလောင်ကျွမ်းမှုများအား  မီးသတ်ယာဉ်(၃)စီး၊ ဈေးမီးသတ်စက်များ အသုံးပြုကာ ရေဖြင့် မီးငြိမ်းသတ်နည်းတို့ကို လက်တွေ့ ဇာတ်တိုက် လေ့ကျင့်မှုပြလုပ်ကြသည်။

အဆိုပါ မြို့မဈေးအတွင်း  မီးဘေးကြိုတင်ကာကွယ်ရေးအတွက်၊ မီးချိတ်၊ မီးကပ်များ၊ ၃ လက်မ မီးသတ်ရေငုတ်(၇)ခု၊ မီးသတ်ဆေးဗူး (၃၀)ဗူးတို့ကို ဈေးဆိုင်ခန်းများ၌ လွယ်လင့်တကူ အသုံးပြုနိုင်ရန် အရန်သင့် စီစဉ်ထားရှိပြီး၊ ဈေးအရန် မီးသတ်တပ်ဖွဲ့ကိုလည်း အဖွဲ့ဝင် (၁၁)ဦးဖြင့် ဈေးမီးဘေး လုံခြုံရေးအတွက် ဖွဲ့စည်းဆောင်ရွက်ထားကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)