ဘားအံ နိုဝင်ဘာ ၄
ကရင်ပြည်နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဦးစောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ရှင်းလင်း ဆွေးနွေးခဲ့ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်စာရင်းများ မှန်ကန်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ မဲစာရင်းဆောင်ရွက်နိုင်ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ် တစ်ခုခုရှိရမည်ဖြစ်ကြောင်း၊ မကြာမီကျင်းပမည့် ရွေးကောက်ပွဲ၌ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအား မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားကတ် တစ်မျိုးမျိုးအား အချိန်မီလက်ဝယ်ရရှိကိုင်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မဲစာရင်းများ မှန်ကန်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြေပြင်လူဦးရေ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာနများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် သက်ဆိုင်ရာ လုပ်ငန်းများအလိုက် အထူးအလေးထား၍ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ယခုနိုင်ငံ တော်အစိုးရတာဝန်ယူစဉ်ကာလအတွင်း မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား ကတ်ပြားထုတ်ပေးနေမှုနှင့် နိုင်ငံသားကတ်ပြား မပြုလုပ်ရသေးသူမရှိစေရေးအတွက် ကောက်သင်းကောက် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်နေမှုအခြေအနေ၊ နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) နှင့် အိမ်ထောင်စုပါ အချက်အလက်များအား နည်းပညာအသုံးပြု၍ ရုံးသုံး Server တွင် တစ်နေရာ တည်း၌ စုစည်းထားရှိမှုနှင့် ပြင်ဆင်/ ပယ်ချက်/ အတည်ပြုနိုင်ရန် မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်အား နိုင်ငံပိုင်မီဒီယာများမှ ထုတ်လွှင့်ဖော်ပြနေမှုအခြေအနေ၊ လက်ရှိစာရင်းနှင့် မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးကာ မှန်ကန်သောမဲစာရင်းများ ပြုစုနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်၊ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ပြီး သက်ဆိုင်ရာဌာနအသီးသီးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်ရေးအခြေအနေ အစရှိသည့် အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုး၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီးဦးစိုးလွင်တို့က မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း မြေပြင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ကရင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးမောင်မောင်နိုင်က မဲဆန္ဒရှင်စာရင်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးချက်များအပေါ် ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)