ကမမောင်း နိုဝင်ဘာ ၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေ တောင်သူများက မြေအောက်ရေကိုအသုံးပြုကာ စိုက်ပျိုးထားသောစိုက်ခင်းများနှင့်အစေ့များ ဖြန့်ဖြဲ၍ စိုက်ပျိုးထားသော သင်္ဘောပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ တောင်သူများသည် မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် မြေ အောက်ရေကို အသုံးပြုပြီး စိုက်ပျိုရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများကိုလည်း စိုက်ပျိုးခဲ့ရာမိုးဦးကာလဖြစ်သည့် မေလတွင် နွားချေး၊မြေဆွေး၊ နှုံးမြေ၊ သဲတို့ဖြစ်ရောစပ်ပြီး ၅ လက်မ ၉လက်မ အိတ်များထဲသို့ထည့်သွန်းပြီး တစ်အိတ် တစ်စေ့နှုန်းဖြစ် စတင်ပျိုးထောင်ကာ တစ်လသာအရွယ်တွင်ရွှေ့ပြောင်းစိုက်ပျိုးကြကြောင်းသိရသည်။
ကမမောင်းမြို့တွင် သင်္ဘောသီးများရောင်းချရာမှ စျေးကောင်းရသဖြင့် ထွက်ရှိလာသော သင်္ဘောအသီးများကို ဖောက်သည်များမှ ခြံများအထိ လာရောက်ခူးယူပြီး ကမမောင်းမြို့၊ မြို့ပေါ်စျေးများနှင့် သင်္ဘောသီးအဝယ်တိုင်များသို့ရောင်းချရာ သင်္ဘောသီးအစိမ်း တစ်လုံးလျှင် ၅၀၀ကျပ်မှ ၁၀၀၀ကျပ်အထိ သင်္ဘောသီးအမှည့်တစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ ကျပ်အထိ စျေးကောင်းရရှိကြောင်း သင်္ဘောစိုက်တောင်သူတစ်ဦးထံမှသိရသည်။
တင်တင်လှ