သာပေါင်း နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြေအသုံးချရေး၊ ပိုးမွှားရောဂါ ကာကွယ်နှိပ်နှင်းရေးအကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show)ကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းမှ စိုက်ပျိုးရေးဦးစီးဌာန၏ မြေအသုံးချရေး၊ ပိုးမွှားရောဂါ ကာကွယ်နှိပ်နှင်းရေးအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယလက်ထောက်ဦးစီးမှူး ဦးရဲနိုင်ဝင်းမှ စိုက်ပျိုးမြေအသုံးပြုကြရာတွင် (နိုက်ထရိုဂျင်)ဓါတ်မြေဩဇာပုလဲ၊ မြေဩဇာသုံးစွဲမှုလွန်ကဲ၍ မြေအချဉ်ဓါတ်များစေပြီး (N)ပုလဲမြေဩဇာ သုံးစွဲမှုများသဖြင့် အပင်များနူးညံ့သွားသဖြင့် ပိုးမွှားဒဏ်၊ ရောဂါဒဏ်များ ပိုမို၍ခံရနိုင်ကြောင်း၊ မြေအသုံးချရေးအနေဖြင့် မြေဆီလွှာစမ်းသပ်မှုလုပ်ငန်းများကို ဌာနမှ ဆောင်ရွက်ပေးနေလျက်ရှိပြီး မြေဆီလွှာအတွင်း၌ ပါဝင်သည့် (N'P'K)နှုန်းထားများသိလျှင် ဓါတ်မြေဩဇာသုံးစွဲမှု ချွေတာနိုင်ပါကြောင်း ရှင်းလင်း အသိပညာပေးပြောကြားပြီးနောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယလက်ထောက်ဦးစီးမှူး ဦးကျော်နိုင်ဝင်းမှ ပိုးသတ်ဆေးကိုင်တွယ် သုံးစွဲကြရာတွင် ဆေးမှန် နှုန်းထားမှန် ဆေးဖြန်းချိန်မှန်၍ ဆေးဖြန်းကိရိယာ မှန်ကန်ရမည်ဖြစ်ပြီး စပါးခင်း ပဲခင်းများထဲတွင် ကျရောက်သည့်ပိုး၊ ရောဂါ မှန်ကန်စွာခွဲခြားပြီးမှ ပိုးသတ်ဆေးသုံးစွဲရာတွင် ဆေးနှုန်းထားများကို အညွှန်းပါအတိုင်း တိကျစွာ လိုက်နာသုံးစွဲ၍ မနက်ပိုင်း၊ ညနေပိုင်းတို့တွင် သာဆေးဖြန်းကြရန်၊ ဆေးဖြန်းပုံးများ အပေါက်အပြဲ အယိုအစိမ့်မရှိအောင် ပြင်ဆင်ပြီးမှ သုံးစွဲရေးတို့ကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဌာနသို့ သိရှိလိုသည့်အချက်အလက်များအား ဆက်သွယ်ရမည့် ဖုန်းနံပါတ် ဦးကျော်ဝင်းနိုင်၊ ဒုတိယ လက်ထောက်ဦးစီးမှူး၊၀၉ ၂၅၁၂၂၉၅၈၃/၀၉ ၆၉၂၃၈၈၇၈၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပညာပေး ပြောကြားခဲ့ကြသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်