ငရုတ်ကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၏ စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ငရုတ်ကောင်း နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း စုပေါင်း မဟာဘုံကထိန်ပွဲကို ယနေ့ မွန်းလွဲပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ကျောင်းအုပ်ဆရာကြီး ဦးဇော်ဦး၏ ကြီးကြပ်မှုဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းလှူဒါန်းထားသည့် ကထိန် သင်္ကန်းများ၊ စုပေါင်းလှူဒါန်းထားကြသော ၂ သိန်း ၃ သောင်း တန်ဖိုးရှိသည့် ငွေပဒေသာပင် (၂)ပင်ကို မြို့ပေါ်ရပ်ကွက် များသို့ ကျောင်းသား၊ ကျောင်းသူလေးများက အတီး၊ အမှုတ်၊ အကအခုန်များဖြင့် စည်းကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြသည်။

အဆိုပါ စုပေါင်းငွေပဒေသာပင်များကို ငရုတ်ကောင်းမြို့၊ ဓမ္မိကာရုံကျောင်းတိုက်နှင့် ဓမ္မဝိဟာရကျောင်း သို့ ပို့ဆောင်ကြပြီး ဆရာတော်များထံမှ တရားနာယူခဲ့ကြပြီး ကထိန်သင်္ကန်းနှင့် ငွေပဒေသာပင်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)