ကသာ နိုဝင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၂၉)ကြိမ်မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကသာမြို့ တပ်ဦး ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကသာမြို့ပေါ်ကျောင်းတိုက်များမှ ဆရာတော် သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်များအား ကသာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ ခရိုင်အဆင့်/ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဧည့်ပရိတ်သတ်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် စုပေါင်းမဟာ ဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များက “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေး ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တတေဇာနန္ဒ မဟာထေရ်မြတ် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့် တော်မူခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်း များကိုလည်းကောင်း၊ ကထိန်ခံတပ်ဦးကျောင်းဆရာတော်ထံသို့ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကိုလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းကြသည်။ ထိုသို့ ကထိန်လျာ သင်္ကန်းလှူဒါန်းမှု နှင့် ပတ်သက်၍ ကထိန်သင်္ကန်းလှူဒါန်းရခြင်း အကျိုးတရားများကို မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတေဇာနန္ဒ မဟာထေရ်မြတ်ထံမှ နာယူကြပြီး တက်ရောက်လာကြသော ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ကသာမြို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာ ဘုံကထိန်ပွဲတွင် လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေ စုစုပေါင်း ငွေကျပ် (၁၅၀) သိန်းကျော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် ၁၃၈၅-ခုနှစ်၊ (၃၀)ကြိမ်မြောက် “ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ” အတွက် ကထိန်ခံယူမည့် ကျောင်းတိုက်အား ကြိုတင်မဲနှိုက် ကြေညာပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု”(၃)ကြိမ်ရွတ်ဆို၍ ပိတ်သိမ်းခဲ့ပြီး ဘုံကထိန်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးမှုအတွက် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(ကသာ)