မုံရွာ နိုဝင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ပစ္စည်း နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးနှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က သင်တန်းဆင်းအမှာစကားများ ပြောကြားကြပြီး သင်တန်းနည်း ဆရာများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သင်တန်းတွင် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေရေးအတွက် အထောက်အကူပြုစေရန် လူငယ်များ သမာအာဇီဝကျကျ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ နည်းပညာသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး လူသုံးကုန်ပစ္စည်း နည်းပညာသင်တန်းအား အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ကာ သင်တန်းသူ ၂၈ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)