ကြို့ပင်ကောက် နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာဗသုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းကွင်းကျေးရွာ အလကကျောင်းတွင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်/ ဆက် ဦးစီးမှူး ဒေါ်ဝင်းလေးက ကလေးငယ်များကို စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အတန်းပညာသာမက ပြင်ပဗဟုသုတရရှိရန် စာအုပ်ကောင်းများကို လေ့လာဖတ်ရှုစေလိုကြောင်းပြောကြားပြီး စာဖတ်ခြင်းသည် မိမိကိုယ်သာမက မိမိ၏ မိသားစုဘဝကိုလည်း များစွာပြောင်းလဲနိုင်ကြောင်း အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်တင်တင်ဝင်းက ကျောင်းသား ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်စေခြင်းနှင့် စက္ကူပြဇတ်ဖြင့်ပုံပြောခြင်း ပုံပြင်ပြောခြင်းများဖြင့် အသိပညာပေးပြောကြားသည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်ခဲ့သည့် ရှမ်းကွင်းကျေးရွာအလယ်တန်း ကျောင်းတွင် ကျောင်းသား ကျောင်းသူ(၃၀၀)ကျော်အား သုတ ရသ ရုပ်ပြ မဂ္ဂဇင်း စာစောင်များကိုဖတ်ရှု့စေခြင်းအပြင် လူကုန်းကူးမူနှင့်သဘာဝဘေးအန္တရာယ်သိကောင်းစရာ စာဖတ်ရှိန်မြှင့်တင်ရေး စသည့်နံရံကပ်စာစောင်များ ပြသခြင်းတို့ဆောင် ရွက်ခဲ့သည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)