ပုလော နိုဝင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ရော်ဘာအဖွင့်ဈေးကောင်း၍ နှစ်ရှည်သီးနှံပင် ရော်ဘာခြစ်သူတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်၌ ဥယျာဉ်လုပ်ငန်းဖြင့်အသက်မွေးပြီး ရေလုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်သာရှိကြောင်း၊ ဥယျာဉ်ခြံလုပ်ငန်းတွင် ရာသီပေါ်သီးနှံများ၊ နှစ်ရှည်အပင်ဖြစ် ကွမ်းသီးပင်နှင့် ရော်ဘာပင်များကို အဓိကထားစိုက်ပျိုးကြကြောင်း၊ ရော်ဘာစိုက်ပျိုးရာတွင် အချိန်ယူ၍ စိုက်ပျိုးရသော်လည်း အစေးလှီးရသည့် အချိန်မှစတင်၍ (၂၀)နှစ်အတွင်း အသုံးပြုနိုင်သောကြောင့် စနစ်တကျစိုက်ပျိုးခြင်း၊ ပေါင်းသင်ခြင်း၊ အစားထည့်ခြင်းများကို နှစ်စဉ်ဆောင်ရွက်၍ ထိန်းသိမ်းပေးရကြောင်း၊ အစေးလှီး၊ အစေးခံခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ တစ်နှစ်ထက်တစ်နှစ် အထွက်နှုန်းတိုးလာကြောင်းနှင့် အစေးလှီး၍ရရှိလာသော အစေးရည်နှင့် အစေးရည်ကိုအခြောက်ခံကာ ရော်ဘာပြားပြုလုပ်၍ ရောင်းချနိုင်ကြောင်း သိရသည်။
အဆိုပါ ရော်ဘာကို နှစ်စဉ် တော်သလင်းလပြည့်ကျော် (၁)ရက်နေ့မှစတင်၍ ကဆုန်လအထိ အစေးလှီး(အစေးခြစ်)ခြင်းလုပ်ငန်းဆောင်ရွက်၍ ရောင်းချရသော်လည်း ယခုနှစ်မှာတော့ မိုးရွာသွန်းမှုများသဖြင့် တန်ဆောင်မုန်းလမှ စတင်လုပ်ကိုင်ရကြောင်း၊ ယခင်နှစ်က တစ်ပိဿာလျှင် ၃၅၀၀ ကျပ် ဈေးဖွင့်သော်လည်း ယခုနှစ်တွင် ၄၅၀၀ ကျပ်ဖြင့်ဈေးဖွင့်၍ ဈေးပိုရရှိသောကြောင့် ရော်ဘာအစေးအခခြစ်သူ တောင်သူများလည်း အဆင်ပြေသလို ပိုင်ရှင်များလည်းအဆင်ပြေကြောင်း ရော်ဘာလုပ်ကိုင်သူတောင်သူထံမှ သိရသည်။
နီနီထွန်း