ကလေး စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စက်တင်ဘာလ (၁၉) ရက်နေ့မှ စတင်၍ ပြည်သူများအနေဖြင့် Mask တပ်ဆင်ခြင်းမပြုဘဲ မိမိနေအိမ်ပြင်ပသို့ ထွက်ခွာလာပါက သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကလေးမြို့နယ်တွင် ဩဂုတ်လ (၃၀) ရက်နေ့မှ စက်တင်ဘာလ (၁၇) ရက်နေ့အထိ ပညာပေး ကာလအဖြစ် သတ်မှတ်၍ ကလေးမြို့COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ Kalay Volunteer အဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများက Maskများ အခမဲ့ဖြန့်ဝေကာ Mask Campain ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ပြည်သူများ မိမိနေအိမ်ပြင်ပသို့ ထွက်ခွာလာပါက Mask တပ်ဆင်ပြီးမှ သွားလာမှု ပြုလုပ်ကြရန်နှင့် Mask တပ်ဆင်သည့် အလေ့အထဖြင့် အများပြည်သူများအကြား ထိတွေ့စကားပြောဆို နေထိုင်ကြရန် ကျန်းမာရေးအသိပေးနှိုးဆော်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်နေစဉ်ကာလမှစတင်၍ မြို့မိမြို့ဖအဖွဲ့များ၊ COVID-19 ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ပြည်သူများ Mask ကို ဈေးနှုန်း ချိုသာစွာ ဝယ်ယူရရှိနိုင်ရန် Mask (၃) ခုလျှင် တစ်ရာကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရ သည်။
ထိုသို့ ပညာပေးကာလ ပြီးဆုံးပြီး ပြည်သူများအနေဖြင့် Mask တပ်ဆင်ခြင်းမပြုဘဲ သွားလာနေ သည်ကို တွေ့ရှိပါက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ တရားရုံးသို့ ပို့ဆောင်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မာန်လမ့်တွောင်(ပြန်/ဆက်)