ဒေးဒရဲ နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံဖြိုး တိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယနေ့ နံနက်(၁၁)နာရီက သုံးဒါတ်ကျေးရွာအုပ်စု၊ ကွင်းပုန်းကျေးရွာရှိ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ကျေးရွာအုပ်ချုပ် ရေးအဖွဲ့များအနေဖြင့် ကျေးရွာနေ ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရေး အတွက် အလေးထားဆောင်ရွက်သွားရန်၊ ပြည်သူများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးအကျိုးပြု လုပ်ငန်းများကို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးနေမှုများ၊ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စု ဇယားနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်နေမှုများကို ရှင်းလင်းဆွေးနွေး ခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးကိစ္စရပ်များနှင့် ပြည်သူများအနေဖြင့် ကောလာဟာလ သတင်းအမှားများ ကင်းဝေးစေရေး သတင်းအမှန်များကို လေ့လာဖတ်ရှုကြရန် ဆွေးနွေးဟောပြောခြင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးခဲ့ရာ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများ၊ စာသင်ဆောင် လိုအပ်ချက်များ၊ နွေစပါး ရေလုံလောက်စွာရရှိရေး၊ သွင်းအားစုလုပ်ငန်းများ စျေးနှုန်းချိုသာစွာ ရရှိနိုင်ရေးနှင့် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ စိုက်ပျိုးရေနှင့် ရေကြောင်းခရီး သွားလာမှု အဆင်ပြေစေရေးအတွက် ချောင်းကော၊ မြောင်းကောများ တူးဖော်ဆောင်ရွက် သွားမည့်လုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးခဲ့ ကြသည်။
ယင်းနောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများကို သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း