ပေါက်ခေါင်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

ပေါက်ခေါင်း နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်ကစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် ကျေးလက်ဆေးခန်းဆေးထိုးစုရပ် အသီးသီးတွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်နှင့်‌ ကျေးရွာအုပ်စုများမှ မွေးစ(၂)လမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသည်းရောင်အသားဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာဗိုင်းရပ်ကာကွယ်ဆေး) ပြင်းထန်အဆုပ်ရောင်(ပီဗွီစီ) ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သက်ဆိုင်ရာဆေးများကို ထိုးနှံပေးပြီး ပိုလီယိုအကြာသေ ကာကွယ်ဆေးများကိုလည်း တိုက်ကျွေးပေးခဲ့ကြောင်းနှင့် အဆိုပါကာကွယ်ဆေးထိုး၊ တိုက်ကျွေးခြင်းများကို  လစဉ် လဆန်းပိုင်းမှစ၍ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယ‌နေ့ပြည်သူ့ဆေးရုံကြီး၌ မြို့ပေါ်ရပ်ကွက်(၅)ခုမှ ကလေးငယ်(၁၀၂)ဦးတို့အား ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)