မြိုင်မြို့တွင်  အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

မြိုင် နိုဝင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြိုင်မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြိုင်မြို့နယ် ပညာရေးမှူးဒေါ်ညွန့်ညွန့်ဌေးက အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများအနေဖြင့် စီမံ၊ ဘဏ္ဍာ၊ ပညာရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကိုပြုလုပ် ရခြင်းဖြစ်ကြောင်းနှင့် စနစ်သစ် ပညာရေးကဏ္ဍ၏ ဆောင်ရွက်နေမှုအခြေအနေများအကြောင်းတို့ကို ထည့်သွင်း ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို ယမန်နေ့မှ ယနေ့အထိ ၂ ရက်အကြာ ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းနည်းပြ (၄)ဦးတို့က စီမံ၊ ဘဏ္ဍာ၊ ပညာ ဘာသာရပ်များအား မြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများဖြင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မယ်ခွေ