ဒေးဒရဲမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အိမ်တွင်းအကြမ်းဖက်မှုများ လျော့နည်း ပပျောက်စေရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေးများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ အမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရန် မြို့နယ် အဆင့် အမျိုးသမီး ကော်မတီကို ဖွဲ့စည်း၍ အမျိုးသမီးအခွင့်အရေးများဆိုင်ရာ အသိပညာပေး သင်တန်းများဖွင့်လှစ်၍ ဆွေးနွေးပွဲနှင့် ဟောပြောပွဲများ ဆောင်ရွက်ကြရန်၊ အိမ်တွင်း အကြမ်းဖက်မှု၊ လူကုန်ကူးမှုကိစ္စရပ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ဆက်စပ်ဌာနဆိုင်ရာများ အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားခဲ့ပြီး မြို့နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်နီနီမြင့်က အမျိုးသမီးများ ဘဝဖွံ့ဖြိုး တိုးတက်စေရေး အိမ်တွင်းမှုသက်မွေး လုပ်ငန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု၊ ကျောင်းအခြေပြု၊ ရပ်ရွာ အခြေပြုသင်တန်းများ ဆောင်ရွက်ပြီးစီးမှု၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များက အမျိုးသမီးများအတွက် သက်ဆိုင်ရာ ကဏ္ဍ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ​အကြံပြုတင်ပြခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝကောင်းမွန်စွာ ဖွံဖြိုးစေရန်အတွက် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၁၄၉၇)ဦးနှင့် ကလေး (၄၂၃၈)ဦး၊ စုစုပေါင်း (၅၇၃၅)ဦးအား တစ်ဦးလျှင် ၄၅၀၀၀ နှုန်းဖြင့် ငွေကျပ် (၂၄၅၉၅၅၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး သတင်းပို့တိုင်ကြားလာသည့် အမျိုးသမီး၊ ကလေးသူငယ်အမှုကိစ္စရပ်များတွင် ကလေးနှင့် မိဘများအား တွေ့ဆုံဆွေးနွေးခြင်း၊ နှစ်သိမ့် အားပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း