ပြည် နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်မြတ်စွယ်တော်တိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော်အား အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် (၁၂၃) ကြိမ်မြောက် ဖွင့်လှစ်အပူဇော်ခံပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲက စေတီတော်ရင်ပြင် မင်္ဂလာမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ဩဝါဒါစရိယ ဆရာတော်ကြီးများအမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ ဗုဒ္ဓပဏာမ ဂါထာတော် သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်သည်။
ထိူ့နောက် ရင်ပြင်တော်မြတ်စွယ်တော်တိုက်ရှိ ဂန္ဓကုဋီတိုက်အတွင်း တစ်နှစ်တာ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော ပတ္တမြားစေတီ၊ သီဟိုဠ်မှပင့်ဆောင်လာသော မူလစေတီတော်၊ ရွှေကလာပ်တော်၊ ရွှေစန္ဒကူးကြုတ်တော်နှင့် စိန်စေတီတော်တို့အား ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှည့်ကျ ဂေါပကအဖွဲ့ဝင်များက မြတ်စွယ်တော်တိုက်မှ မင်္ဂလာမဏ္ဍပ်ရှိ ပလ္လင်တော်များပေါ်သို့ ပင့်ဆောင်ကြပြီး ပြည်မြို့ မဟာသုဒဿနာ ရာမကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တသေဌိလ၊ သာသနဓဇဓမ္မာစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ဘုရားကြီးက ဗုဒ္ဓမြတ်စွယ်တော်ကို စိန်စေတီတော်၌ တပ်ဆင်ပူဇော် ပေးတော်မူသည်။
ယင်းနောက် ပြည်မြို့ ဝိသုဒ္ဓါရုံ ဗာရာဏသီကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တနာဂဝံသ ဆရာတော်ဘုရားကြီးထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဩဝါဒါစရိယဆရာတော်ကြီး ကိုးပါးတို့ကမေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်တော်မူကြသည်။ ယင်းနောက်တာဝန်ရှိသူများက ဆရာတော်ကြီးများထံ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဝိသုဒ္ဓါရုံ ဗာရာဏသီကျောင်းတိုက် ဆရာတော် ဘုရားကြီးက ကုသိုလ်ကောင်းမှု အစုစုတို့အတွက် အနုမောဒနာ၊ ရေစက်ချ တရားချီးမြှင့် တော်မူသည်။
ထို့နောက် ဧည့်ပရိတ်သတ်များနှင့် ရပ်ဝေး/ရပ်နီးဘုရားဖူးလာပြည်သူများက ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ကြည်ညိုပူဇော်ကြပြီးစေတီတော်ရင်ပြင်၌ အထူးစည်ကားလျက်ရှိကာ ဗုဒ္ဓမြတ် စွယ်တော်ကို နိုဝင်ဘာ ၅ ရက် ညနေ ၃ နာရီတွင် စေတီတော်မြတ်ကြီးအား
လက်ျာရစ် သုံးကြိမ် လှည့်လည်အပူဇော်ခံပွဲကျင်းပမည်ဖြစ်၍ မည်သူမဆိုလာရောက်ဖူးမြော်ကြည်ညိုပါဝင်ဆင်နွှဲနိုင်ကြောင်းနှင့် နိုဝင်ဘာ ၉ ရက် ည ၇ နာရီတွင် ဗုဒ္ဓမြတ်စွယ်တော်ကို တစ်နှစ်တာကိန်းဝပ်စံပယ်တော်မူမည့် ဂန္ဓကုဋီတိုက်အတွင်းသို့ ပြန်လည်ပင့်ဆောင်သိမ်းဆည်းခြင်း အောင်ပွဲအခမ်းအနားကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။
ကိုဆက်(ပြန်/ဆက်)