ပန်းတောင်း နိုဝင်ဘာ ၄
အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံ အရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်မန်နေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.မ.က မူလွန် နတ်မောက်ကျောင်းခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားမှူး ဒေါ်စောမာလာက ယနေ့ခေတ်သည် တိုးတက်နေသောခေတ်ဖြစ်သဖြင့် ခေတ်နှင့်အညီ ရင်ဘောင်တန်း နိုင်အောင်အင်တာနက်၊ အီးမေးလ်စသည့်သတင်းအချက် နည်းပညာတို့တွင်လည်း ကျွမ်းကျင်မှုရှိရန် လေ့လာထား သင့်ကြောင်း၊ ခေါင်းဆောင်သည်မိမိ၏ အားသာချက် အားနည်းချက်များကို အမြဲသုံးသပ်ပြီး အားသာချက်များကို ပို၍ကောင်းအောင်၊ အားနည်းချက်များကို အားသာချက်ဖြစ်လာအောင်ဆင်ခြင်၍ ပြုပြင်သွားဖို့ လိုအပ်ပါကြောင်း၊ ခေါင်းဆောင်သည် သူတစ်ပါးကို ဝေဖန်နိုင်သည့် ဉာဏ်ပညာအရည်အချင်းနှင့် သတ္တိရှိဖို့လိုသလို မိမိကိုယ်ကို ဝေဖန်လာလျှင်လည်း ခံနိုင်ရည်ရှိဖို့ လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက လူငယ်နှင့်မျိုးချစ်စိတ်ကဏ္ဍခေါင်းစဉ်ဖြင့် နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိစေရေး အထူးလိုအပ်ကြောင်းနှင့် လူငယ်လူရွယ်များ စိတ်ဓာတ်ရေးရာမြင့်မားပြီး မှန်ကန်သော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းစေလိုကြောင်း ဟောပြောသည်။ ယင်းနောက်အားကစားမှူး ဒေါ်စောမာလာက အားကစားသရုပ်ပြခြင်း၊ အားကစားပစ္စည်းများကို အားကစားမှူး ကကျောင်းဆရာမကြီး ဒေါ်အေးအေးထိုက်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)