ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းသို့ အသိပညာပေးကွင်းဆင်း ဆောင်ရွက်

ပန်းတောင်း နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက အ.မ.က ဖောင်းကန်၊ ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ယနေ့လူငယ်များသည် တိုးတက်လာသော ခေတ်ရေစီးကြောင်းနှင့်အညီ အင်တာနက်သုံးစွဲမှုများပြားလာသည့်အလျောက် အကောင်းအဆိုးခွဲခြားတတ်စေရန်၊ အယုံမလွယ်မိစေရန်၊ အင်တာနက်မှတစ်ဆင့် ဗဟုသုတများရရှိနိုင်သည့် နည်းလမ်းများ၊ စာအုပ်စာပေများသည်လည်း မည်မျှပင်ဟောင်းနွမ်းစေကာမူ ပညာဗဟုသုတများစွာ ရရှိနိုင်သည့်အတွက် လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ဟောပြောကာ၊ ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောခြင်းအား ဆောင်ရွက်ခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ စားသုံးသူအခွင့်အရေး (၈)ချက်၊စားသုံးသူတာဝန် (၄)နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးကာ အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မသန်စွမ်းသူများအခွင့်အရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)