ဒေးဒရဲမြို့၌ တောင်သူများအား ယူရီးယားဓာတ်မြေသြဇာအိတ်များ (ပဉ္စမအကြိမ်) ထောက်ပံ့ပေး

ဒေးဒရဲ နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုး ရာသီတွင် တောင်သူများ လယ်ယာထုတ်ကုန် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဓာတ်မြေသြဇာ စျေးနှုန်းကြီးမြင့်မှုကြောင့် အထွက်နှုန်းလျော့နည်းကျဆင်းမှု မဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်သတ်မှတ်စျေးနှုန်း (၃၀၀၀၀)ကျပ် ဖြင့် ယူရီးယားဓာတ်မြေသြဇာအိတ်များ ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၁)နာရီက မြို့နယ် အလိုက် ခွဲတမ်းရရှိသောဓာတ်မြေသြဇာ အိတ်များကို ကျေးရွာအုပ်စုများသို့ ပြန်လည်ထုတ်ပေးနေမှုနှင့် ယာယီသိုလှောင် ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆိုပါ ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေးနေမှုကို  မြို့နယ်ဓာတ်မြေသြဇာဖြန့်ဖြူးရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များက ၂၀၂၂ ခုနှစ်၊ မိုးစပါးရာသီတွင် (ပဉ္စမအကြိမ်) မြို့နယ်အလိုက် ခွဲတမ်းရရှိသော ပြည်တွင်းဖြစ် ယူရီးယားဓာတ်မြေသြဇာ (၂၇၀၀)အိတ်ကို မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ(၉၃) အုပ်စုအနက်မှ နွေစပါးစိုက်ပျိုးမည့် ကျေးရွာအုပ်စု (၅၄)စုရှိ တောင်သူ များအား  သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များသို့ သတ်မှတ်ခွဲတမ်းအလိုက် (ပဉ္စမအကြိမ်)အဖြစ် ယူရီးယားဓာတ်မြေသြဇာအိတ်များ သတ်မှတ်စျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အေဇာလင်း