ခမောက်ကြီးမြို့တွင်  အိုမီခရွန် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အများပြည်သူသိရှိနိုင်ရေး အသိပေးနှိုးဆော်

ခမောက်ကြီး နိုဝင်ဘာလ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်လမ်းကြားများတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား အများပြည်သူ သိရှိလိုက်နာနိုင်ရန် အသံချဲ့စက်ဖြင့် ယနေ့နံနက်က လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။    

ထိုသို့ အသိပေးနှိုးဆော်ရာ၌  ကိုဗစ်-၁၉ ရောဂါသည် မျိုးရိုးဗီဇပြောင်း ကူးဆက်ရောဂါ အသွင်ဖြင့် ပြန်လည်ကူးစက်နေပြီဖြစ်သောကြောင့် ကိုဗစ်ကာကွယ်ရေး နည်းလမ်းများအား အများပြည်သူများ သိရှိလိုက်နာနိုင်ရန် အလို့ငှာ အသိပညာပေး နှိုးဆော်ခဲ့သည်။

အဆိုပါ အသိပေးနှိုးဆော်ချက်များတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေ ထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါ ဝေဒနာသည်များ ရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်း ဂရုပြုရန် ၊တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရန်၊ လက်ကို စက္ကန့် (၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြပါရန်နှင့်  မိသားစုအတွင်း ဖျားနာသူများ ရှိပါက အိမ်တွင် နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှူးမှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လိုက်နာကြရန် အထက်ပါ ကြေငြာချက်များကို အများပြည်သူမှ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာကြရန်နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်းကို အများပြည်သူ သိရှိလိုက်နာနိုင်ရန် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိသည်။

 ခမောက်ကြီး(ပြန်/ဆက်)