သံတောင်ကြီး နိုဝင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ ဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်း ကျောင်းမှုအဖြစ် စိုက်ပျိုးရေးကိုအဓိကလုပ်ဆောင်လျက်ရှိရာ လက်ဖက် စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
သံတောင်ကြီးမြို့သည် အမြင့်ပေ (၄၀၀၀) အထက်ရှိပြီး အအေးပိုင်းဒေသဖြစ်သည့်အတွက် လက်ဖက်ပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ မိုးအကုန်ဆောင်းအကူး ပွင့်လင်းရာသီအချိန်ရောက်လာပြီးဖြစ်သောကြောင့် လက်ဖက်စိုက်ပျိုးတောင်သူများအနေဖြင့် လက်ဖက်ရွက်အနုများခူးယူကာ လက်ဖက်ခြောက်(အကြမ်းခြောက်)များ ပြုလုပ်ရောင်းချလျက်ရှိသည်။
သံတောင်ကြီးမြို့သည် တောင်ပေါ်စခန်းမြို့ဖြစ်သည့်အလျောက် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီကာလ တွင်ပြည်တွင်းပြည်ပ ခရီးသွားလာမှုများရှိသော်လည်း ကိုဗစ်-၁၉ရောဂါဖြစ်ချိန်နှင့် ဖြစ်ပြီးချိန် နောက်ပိုင်းတွင် ခရီးသွားလာမှု မရှိတောသည့်အတွက် သံတောင်ကြီးဒေသထွက် သီးနှံများမှာ ဝယ်လိုအားကျဆင်းခဲ့သည်။ သို့သော်သံတောင်ကြီးဒေသထွက်လက်ဖက်ခြောက်များမှာ ပုံမှန် ဈေးနှုန်းဖြစ်သည့် တစ်ပိဿာကို ကျပ် (၈၀၀၀)မှ ကျပ် (၁၀၀၀၀)ထိရရှိသည့်အတွက် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သည့် တောင်သူများမှာ လက်ဖက်များကို ပိုမိုစိုက်ပျိုးလာခဲ့ကြောင်း သိရသည်။
နော်နော်မူ