နန်းယွန်း စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းတွင် နန်းယွန်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးချောအောင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိဦးဇော်မင်းသိန်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေးခြင်း၊ဆန္ဒမဲရေတွက်ခြင်း၊ မဲရလဒ်များထုတ်ပြန်ခြင်း၊ နိုင်ငံရေး ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်ပါ လုပ်ဆောင်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဘာသာရပ်အလိုက် သင်ကြားပို့ချပေး လျက်ရှိကြောင်း သိရသည်။
သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တစ်ကြိမ်လျှင် (၃၅)ဦးခန့်ဖြင့် (၂)ကြိမ်၊ သင်ကြားပို့ချခဲ့ပြီး ယနေ့တွင် တစ်ကြိမ်လျှင်(၃၀)ဦးနှုန်းဖြင့် (၂)ကြိမ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)