အိမ်မဲ နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် (၃၃)ကြိမ်မြောက် စုပေါင်းဘုံကထိန်လှည့်လည်ပွဲနှင့် ပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် (၆)နာရီတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက မိမိတို့ကျသည့် နံပါတ်စဥ်အလိုက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတွင် တန်းစီနေရာယူကြပြီး ပဒေသာပင် (၅၉)ပင်မှ အိုးစည်ဝိုင်း၊ အဆို၊ အက၊ အလှ ပဒေသာများဖြင့် မြို့တစ်ပတ် စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့သည်။
ထို့နောက် သက်ဆိုင်ရာဌာနအသီးသီးမှ မိမိတို့မဲပေါက်သည့် ဘုန်းကြီးကျောင်းများသို့ ပဒေသာပင်များကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ယခုနှစ် (၃၃)ကြိမ်မြောက် စုပေါင်းဘုံကထိန် ပဒေသာပင် ဆက်ကပ် လှူဒါန်းရာတွင် ကျောင်းတိုက်ပေါင်း (၅၉)ကျောင်းကို ပဒေသာပင် (၅၉)ခု ပစ္စည်းတန်ဖိုး (၇၁၀၉၀၀၀) ကျပ်၊ ငွေသားတန်ဖိုး (၁၆၇၇၆၀၅၀) ကျပ်၊ စုစုပေါင်း တန်ဖိုးငွေ (၂၇၅၀၀၀၅၀)ကျပ်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)