ပုလော နိုဝင်ဘာ ၄
ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၂)အခြေခံအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲ၌ ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ရည်မှန်းချက်(၂)ရပ်၊ လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးဖြစ်ပါက လူ့အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုနည်း အောင် သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက မီးဘေးရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှာဘေး၊ မိုးကြိုးဘေး၊ ဆူနာမီဘေးအန္တရာယ်အကြောင်း အသိပညာပေး၍ ဖြစ်ပေါ်လာပါက လိုက်နာဆောင်ရွက်ရမည့် ရှောင်ရန် ဆောင်ရန်ကို သရုပ်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများကို တစ်ဆင့်စကား သတင်းစကား အမှားများတတ်ကြောင်းဂိမ်းကိုကစား၍ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နီနီထွန်း