မြဝတီ နိုဝင်ဘာ ၃
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် မြဝတီခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြဝတီမြို့ရှိ မဟာဗျူဟာတပ်ဦး ရန်အောင်မြင်စေတီဘက်စုံပြုပြင်မွမ်းမံရန် ငွေကျပ်သိန်း ၃၀ လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများ ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မဟာဗျူဟာတပ်ဦး ရန်အောင်မြင်စေတီဘက်စုံပြုပြင်မွမ်းမံရန်အတွက် လှူဒါန်းငွေကျပ် သိန်း ၃၀ ကို သင်္ကန်းညီနောင်အခြေချ(စစ်ဗျူဟာ)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းနေလွင်ထံသို့ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပေးအပ်လှူဒါန်းသည်။
ထို့နောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် နှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက အဆိုပါ မဟာဗျူဟာတပ်ဦး ရန်အောင်မြင်စေတီတော်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။
ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် သင်္ကန်းညီနောင်စစ်ဆေးရုံရှိ ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် လူနာများအား ထောက်ပံ့ငွေနှင့်စားစရာများ ထောက်ပံ့လှူဒါန်းပြီး ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် သင်္ကန်းညီနောင်ကျေးရွာရှိ အေးစေတီတောင်ပေါ်ကျောင်း စာသင်တိုက်တွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)