ချောင်းသာ၌ မြို့ဝင်/ထွက် လုံခြုံရေးစစ်ဆေးခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

ချောင်းသာ နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် မြို့အဝင်/အထွက် လုံခြုံရေးစစ်ဆေးခြင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ မောင်းနှင် နိုင်စေရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက  မြို့အဝင်စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ချောင်းသာမြို့သို့ လာရောက်လည်ပတ်ကြသည့် ခရီးသွား မော်တော်ယာဉ်များ၊ ဒေသတွင်း သွားလာသည့် ကုန်တင်ယာဉ်များ၊ သုံးဘီးဆိုင်ကယ်များနှင့် မော်တော် ဆိုင်ကယ်များအား လုံခြုံရေးအရ ရပ်တန့်စစ်ဆေးခြင်း၊ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများ သယ်ဆောင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ လျော့နည်းကျဆင်း ပပျောက်စေရေးအတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်များ မောင်းနှင်ရာတွင် ခါးပတ် ပတ်ပြီး မောင်းနှင်ရန်၊ လမ်းမကြီးပေါ်တွင် ယာဉ်များအချိန် ကြာမြင့်စွာ ရပ်နားထားခြင်းများ မပြုလုပ်ရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင် ရာတွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုး တပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူသုံးယောက်တင်၍ မစီးရန်၊ ဆိုင်ကယ်လိုင်စင်များ ယူဆောင်လာရန်စသည့် လိုက်နာ ရမည့် စည်းကမ်းအချက်များ ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရ သည်။

ကျော်ကျော်(ပြန်/ဆက်)