ကော့ကရိတ်၊ စက်တင်ဘာ ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် ပုံမှန်ဝင် ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးဆန်းနုက ယမန်နေ့ နေ့လယ် (၁၂) နာရီတွင် ကျန်ရှိနေသော ကျေးရွာအုပ်စုရှိ အိမ်ထောင်စုဝင်များအား ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပေးအပ်ရာတွင် နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား တတိယအကြိမ် (၂၀၀၀၀) ကျပ်စီနှုန်းဖြင့် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်ရှိ ရပ်ကွက် (၄) ခုနှင့် ကျေးရွာအုပ်စု (၂၅) အုပ်စုတို့မှ အိမ်ထောင်စုပေါင်း (၇၀၉၀) စုအတွက် ထောက်ပံ့ငွေကျပ် (၁၄၁၈၀၀၀၀၀)ကို ပေးအပ်ခဲ့သဖြင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု စုစုပေါင်း (၁၃၄၁၅) စုအတွက် ငွေကျပ် (၂၆၈၃) သိန်းအား ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ဟန်းစပီကာများအား ကော့ကရိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းနုက ကျုံဒိုးမြို့ရုံးနှင့် ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်မာအေး (ခရိုင်၊ ပြန်/ဆက်)